MICEG သည် ကုမ္ပဏီမဟုတ်ပါ


  [Zawgyi]  Read in here

MICEG သည် ကုမ္ပဏီမဟုတ်ပါ

မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်ရဲ့ထီးရိပ်အောက်မှာ ဖွဲ့စည်းတည်ထောင်ထားတဲ့ MICEG ဟာ အခြား QC ကုမ္ပဏီများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကတာဝန်ပေးအပ်တဲ့ အစိုးရဌာနတွေက ကန်ထရိုက်တာတွေနဲ့ဆောင်ရွက်တဲ့ တည်ဆောက်ရေးလုပ်ငန်းတွေကို အရည်အသွေးစစ်ဆေးတဲ့လုပ်ငန်းမှာ ပါဝင်ဆောင်ရွက်ရပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အပါအဝင် လုပ်ငန်းအပ်နှံတဲ့အစိုးရဌာနများနဲ့ အခြားအဖွ့ဲအစည်းများက MICEG ကို ကုမ္ပဏီတစ်ခုအဖြစ် ထင်မြင်ယူဆထားတဲ့အတွက် MICEG Co.; Ltd ဆိုပြီး မှားယွင်းစွာရေးသားဖေါ်ပြကြပါတယ်။။ လုပ်ငန်းအပ်နှံတဲ့အစိုးရဌာနများမှတာဝန်ရှိသူများက MICEG ကို ဆောက်လုပ်ရေးကန်ထရိုက်တာကုမ္ပဏီများနှင့် အခြား QC ကုမ္ပဏီများကဲ့သို့ စီးပွားရေးအကျိုးအမြတ် အတွက် ဖွဲ့စည်းထားတဲ့ကုမ္ပဏီတစ်ခု ဆိုတဲ့ ထင်မြင်ယူဆချက်နဲ့ ဆက်ဆံလေ့ရှိကြပါတယ်။ နိုင်ငံတော်ဘတ်ဂျက်နဲ့ အစိုးရဌာနတွေကတာဝန်ယူဆောင်ရွက်တဲ့ တည်ဆောက်ရေးလုပ်ငန်းတွေကို အရည်အသွေးကြီးကြပ်စစ်ဆေးပေးဘို့အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အရည်အသွေးကြီးကြပ် စစ်ဆေးမယ့် QC အဖွဲ့အစည်းတွေကို အစိုးရအဖွဲ့ရုံးမှာမှတ်ပုံတင်စေပြီး သတ်မှတ်အရည်အချင်းနဲ့ကိုက်ညီတဲ့ QC စစ်ဆေးရေးအဖွဲ့အစည်းတွေကို အစိုးရအဖွဲ့ဆုံးဖြတ်ချက်နဲ့ ၂၀၁၇ ခုနှစ်ကစပြီး တာဝန်ခွဲဝေချထားပေး ပါတယ်။ MICEG ဟာ မိမိတာဝန်ယူရတဲ့အလုပ်တွေကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ချမှတ်ပေးထားတဲ့ လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်းများနဲ့အညီ လိုက်နာအကောင်အထည်ဖေါ်ဆောက်ရွက်ခဲ့ပါတယ်။ ၂၀၁၈ နဲ့ ၂၀၁၉ နှစ်တွေမှာလည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က MICEG အား QC စစ်ဆေးခြင်း လုပ်ငန်းများစွာကို ဆက်လက်တာဝန်ပေးအပ်ခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဟာ MICEG အား ဝန်ဆောင်ခဖြင့်ဆောင်ရွက်ရတဲ့လုပ်ငန်းများကို တာဝန်ပေးအပ်သလို၊ အခမဲ့ ဆောင်ရွက်ပေးရတဲ့လုပ်ငန်းအချို့ကို အထူးတာဝန်ပေးအပ်ခြင်းလည်းရှိပါတယ်။ ပြည်ထောင်စုအစိုးရအဖွဲ့က အထူးတာဝန်ပေးအပ်တဲ့ လုပ်ငန်းအချို့ကိုလည်း MICEG က ဝန်ဆောင်ခငွေ ရယူခြင်းမပြုဘဲ အလေးထားဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဝန်ဆောင်ခငွေ ရသည်ဖြစ်စေ၊ ဝန်ဆောင်ခငွေ မရသည်ဖြစ်စေ MICEG ဟာ မိမိအားတာဝန်ပေးအပ်တဲ့လုပ်ငန်းများကို လေးနက်စွာခံယူဆောင်ရွက်ပါတယ်။ တကယ်တော့ MICEG ကို ၂၀၁၄ ခုနှစ်ကတည်းက စတင်ဖွဲ့စည်းတည်ထောင်ခဲ့တာဖြစ်ပါတယ်။ အတိ အကျ ပြောရရင် ၂၆.၄.၂၀၁၄ နေ့ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ် ဥက္ကဌ ဦးဝင်းခိုင် ဦးဆောင် ပါဝင်တဲ့ တည်ထောင်သူအဖွဲ့ဝင်(၃၀)ဦးနဲ့ စတင်ခဲ့ပြီး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုမှတ်ပုံတင်ရေး အဖွဲ့ရဲ့ ၃၀.၁.၂၀၁၅ ရက်စွဲပါ ပြည်တွင်းအသင်းအဖွဲ့များမှတ်ပုံတင်လက်မှတ်(ယာယီ)ရရှိခဲ့ပြီး၊ ၈.၄.၂၀၁၅ ရက်စွဲပါ မှတ်ပုံတင်လက်မှတ်ကို ရရှိခဲ့တာဖြစ်ပါတယ်။ ၁၉၁၆ ခုနှစ်မှာ ဗမာအင်ဂျင်နီယာကွန်ဂရက် (The Burma Engineering Congress) အဖြစ် ဖွဲ့စည်း တည်ထောင်ခဲ့တဲ့ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းဟာ ခေတ်အဆက်ဆက်မှာ အမည်နာမအမျိုးမျိုး သတ်မှတ် ခေါ်တွင်ခဲ့ပြီး၊ ၁၉၆၃ မှ ၁၉၉၅ အထိ အခြားအသင်းအဖွဲ့များနည်းတူ အသင်းရဲ့ လုပ်ငန်းတွေ ရပ်တန့်သွားခဲ့ ပြီးနောက်၊ ၁၉၉၅ မှာ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းအဖြစ် ပြန်လည်ဖွဲ့စည်း တည်ဆောက်ခဲ့ပါတယ်။ ၂၀၁၉ မှာ ပြည်နယ်နဲ့တိုင်းဒေသကြီးအားလုံးတွင ်အသင်းဝင်ပေါင်း ၆၅၀၀၀ ကျော်ရှိလာပြီး၊ မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်း အဖွဲ့ခွဲ ၂၇-ခု ကို တည်ထောင်ဖွဲ့စည်းထားပြီး ဖြစ်တဲ့အတွက် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ် (Federation of Myanmar Engineering Societies – Fed.MES) အဖြစ်ပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်မှာ ပညာရပ်ဆိုင်ရာအဖွဲ့များနဲ့လုပ်ငန်းဆိုင်ရာအဖွဲ့များ စုစုပေါင်း ၇၀ ကျော်ကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိရာ၊ မြန်မာအပြည်ပြည်ဆိုင်ရာအတိုင်ပင်ခံအင်ဂျင်နီယာများအဖွဲ့ (Myanmar International Consulting Engineers Group) ဆိုတဲ့ MICEG ဟာ ထိုအဖွဲ့ပေါင်း ၇၀ ကျော် ထဲက အဖွဲ့တစ်ဖွဲ့သာဖြစ်ပါတယ်။

ဒါ့ကြောင့် MICEG ဟာ နိုင်ငံတော်ရဲ့လိုအပ်ချက်နဲ့အညီ ဖွဲ့စည်းတည်ထောင်လာခဲ့တာဖြစ်ပြီး၊ အင်ဂျင်နီယာပညာရပ်ဖွံ့ဖြိုးတိုးတက်ရေး၊ အင်ဂျင်နီယာလုပ်ငန်းများအရည်အသွေးပြည့်မီရေးနဲ့၊ ပြည်သူလူထု အန္တရာယ်ကင်းရှင်းရေးတို့ကိုဦးတည်ချက်ထားပြီး အင်ဂျင်နီယာကျင့်ဝတ်သိက္ခာနဲ့အညီ ပရောဖက်ရှင်နယ် အင်ဂျင်နီယာများပီသစွာဆောင်ရွက်ရန် ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းဖြစ်ပါတယ်။ လုပ်ထုံးလုပ်နည်းများနဲ့၊ စည်းမျဉ်းစည်းကမ်းများနဲ့အညီ လုပ်ငန်းများကိုတာဝန်ယူ ဆောင်ရွက်ပါတယ်။ MICEG ရန်ကုန်ရုံးချုပ်အပြင် ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာလည်း အဖွဲ့ခွဲ (၂၂)ဖွဲ့ ဖွဲ့စည်းပြီး ဖြစ်ပါတယ်။ ၃၁.၁၀.၂၀၁၉ အထိ အဖွဲ့ဝင်ပေါင်း ၁၁၉၄-ဦးရှိရာ၊ Professional Engineer (PE) ၁၅၄-ဦး၊ Senior Licensed (SLA) ၃-ဦး၊ Registered Senior Engineer (RSE) ၄၁၄-ဦး၊ Registered Engineer (RE) ၉၅-ဦး၊ အခြား ၅၂၁-ဦး ပါဝင်ပါတယ်။ ၂၀၁၅ နဲ့ ၂၀၁၆ (၂)နှစ်သက်တမ်းမှာ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းက ဖွဲ့စည်းတာဝန်ပေးအပ်တဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် (၂၁)ဦးကတာဝန်ယူဆေင်ရွက်ခဲ့ပါတယ်။၂၀၁၇/၂၀၁၉ (၂)နှစ်သက်တမ်း နဲ့ ၂၀၁၉/၂၀၂၀ (၂)နှစ်သက်တမ်းများမှာတော့ နှစ်ပါတ်လည်အသင်းသားစုံညီညီလာခံမှာ ဗဟိုကော်မတီဝင် (၃၅)ဦးရွေးချယ်ခြင်း၊ ၎င်းအထဲမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်(၂၁)ဦးရွေးချယ်ခြင်း၊ ၎င်းအထဲမှ ဥက္ကဌ၊ ဒုတိယဥက္ကဌ၊ အထွေထွေအတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး၊ ပြန်ကြားရေးမှူး၊ အကျိုးဆောင်စာရင်းစစ် စသည့် ဗဟိုအလုပ်အမှုဆောင်ရာရှိများအဖွဲ့ (Office Bearers) (၁၂)ဦးရွေးချယ်ခြင်းတို့ကို ရွေးကောက်ပွဲကော်မရှင် က လျှို့ဝှက်မဲပေးစနစ်နဲ့ ကြီးကြပ်ဆောင်ရွက်ပါတယ်။ ဗဟိုကော်မတီဝင်များအားလုံးဟာ လုပ်ငန်းအတွေ့ အကြုံ အနည်းဆုံး (၂၅)နှစ်နဲ့အထက် ဝါရင့်အင်ဂျင်နီယာများ၊ Professiional Engineer (PE) များဖြစ်ကြပါ တယ်။

MICEG ရဲ့ အခြေခံမူဝါဒများ၊ ရည်ရွယ်ချက်များ၊ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ စသည်တို့ကို ဗဟိုကော်မတီက ချမှတ်ပေးပါတယ်။ ဗဟိုအလုပ်အမှုဆောင်အရာရှိများအဖွဲ့ (Office Bearer) အစည်းအဝေးကို တစ်ပါတ်လျှင်တစ်ကြိမ်၊ ဗဟိုကော်မတီနဲ့ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေးကို တစ်လလျှင်တစ်ကြိမ် ခေါ်ယူကျင်းပကာ အဖွဲ့အစည်းရဲ့ ချမှတ်ထားတဲ့မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများနဲ့အညီ လုပ်ငန်းများကို ဆွေးနွေးဆုံးဖြတ်ကာ အကောင်အထည်ဖေါ်ဆောင်ရွက်ကြရပါတယ်။ ရငွေသုံးငွေနဲ့စာရင်းများကို ဘဏ္ဍာရေးမှူးနဲ့ဘဏ္ဍာရေးဝန်ထမ်းများက ကိုင်တွယ်ထိန်းသိမ်းရာမှာ ချမှတ်ထားတဲ့ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းများနဲ့အညီ စီမံဆောင်ရွက်ရပါတယ်။ ပြင်ပမှ ငှားရမ်းထားတဲ့ စာရင်းစစ်အဖွဲ့က ငွေစာရင်းများကို (၃)လလျှင်တစ်ကြိမ်စစ်ဆေးခြင်းနဲ့ နှစ်ချုပ်စစ်ဆေးခြင်း တို့ကိုဆောင်ရွက်ပေးပါတယ်။ လုပ်ငန်းဆောင်ရွက်မှုအခြေအနေနဲ့ ဘဏ္ဍာရေးအခြေအနေများကို နှစ်ပါတ် လည် အသင်းသားစုံညီ ညီလာခံမှာ ပြည့်ပြည့်စုံစုံရှင်းလင်းတင်ပြရတဲ့အပြင်၊ ထိုဆောင်ရွက်ချက်များကို ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုမှတ်ပုံတင်ရေးအဖွဲ့ကို နှစ်စဉ်အစီရင်ခံတင်ပြလျက်ရှိပါတယ်။ MICEG ဟာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က တာဝန်ပေးအပ်တဲ့လုပ်ငန်းများကိုသာမက ပြင်ပ ပုဂ္ဂလိကကုမ္ပဏီအဖွဲ့အစည်းများက လာရောက်ဆက်သွယ်ပြီး အပ်နှံလာတဲ့ အခြားအတိုင်ပင်ခံအင်ဂျင်နီယာ လုပ်ငန်းများကိုလည်း လက်ခံတာဝန်ယူဆောင်ရွက်ပေးလျက်ရှိပါတယ်။ ၂၀၁၈ ခုနှစ်မှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကတာဝန်ပေးတဲ့လုပ်ငန်း (၃၁)ခုနဲ့ ပြင်ပမှအပ်နှံတဲ့လုပ်ငန်း (၁၄)ခု၊ စုစုပေါင်း(၄၅)ခုကို တာဝန်ယူ ဆောင်ရွက်ပေးခဲ့ရပါတယ်။ ၂၀၁၉ ခုနှစ်မှာလည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကတာဝန်ပေးတဲ့လုပ်ငန်း (၇၈၆)ခုနဲ့ ပြင်ပမှအပ်နှံတဲ့လုပ်ငန်း (၁၈)ခု၊ စုစုပေါင်း(၈၀၄)တို့ကို တာဝန်ယူဆောင်ရွက်ပေးခဲ့ရပါတယ်။ ပြည်နယ်နဲ့တိုင်းဒေသကြီးများရှိ MICEG အဖွဲ့ခွဲများကလည်း ၎င်းတို့သက်ဆိုင်ရာဒေသများအတွင်း ၂၀၁၈ ခုနှစ်မှာ လုပ်ငန်းပေါင်း (၇၉၁)ခုနဲ့ ၂၀၁၉ ခုနှစ်မှာ လုပ်ငန်းပေါင်း (၇၉၃)ခုတို့ကို တာဝန်ယူဆောင်ရွက် ခဲ့ကြရပါတယ်။ MICEG ဟာ QC စစ်ဆေးခြင်းအပါအဝင် အတိုင်ပင်ခံအင်ဂျင်နီယာလုပ်ငန်းအမျိုးအစား (၂၉)မျိုးကို တာဝန်ယူဆောင်ရွက်ပေးလျက်ရှိပါတယ်။ မြို့ပြအင်ဂျင်နီယာ၊ စက်မှုအင်ဂျင်နီယာ၊ လျှပ်စစ်အင်ဂျင်နီယာ၊ ဓါတုအင်ဂျင်နီယာ စသည်တို့အတွက် ဒီဇိုင်းရေးဆွဲခြင်း၊ စီမံကိန်းစီမံခန့်ခွဲခြင်း၊ ကုန်ထုတ်လုပ်မှုအကဲဖြတ်ခြင်း၊ သဘာဝနှင့်လူမှုပတ်ဝန်းကျင်သက်ရောက်မှုဆန်းစစ်ခြင်း၊ ယာဉ်အသွားအလာလမ်းသက်ရောက်မှုဆန်းစစ်ခြင်း၊ သယံဇာတတူးဖေါ်ထုတ်လုပ်မှုဆန်းစစ်ခြင်း အစရှိတဲ့လုပ်ငန်းကဏ္ဍတွေမှာလည်း အတိုင်ပင်ခံအင်ဂျင်နီယာ လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ပေးနေပါတယ်။

ဤကဲ့သို့ဆောင်ရွက်ရာမှာ စီမံကိန်းလုပ်ငန်းတစ်ခုတိုင်းတွင် ဗဟိုကော်မတီဝင်တစ်ဦးက အုပ်ချုပ်မှု အဖွဲ့ခေါင်းဆောင်အဖြစ်တာဝန်ယူရပြီး၊ အင်ဂျင်နီယာဘာသာရပ်အလိုက် Professional Engineer (PE), Senior Registered Engineer (RSE), Registrared Engineer (RE), Assistant Engineer (AE) များကို လိုအပ်သလိုဖွဲ့စည်းဆောင်ရွက်ပါတယ်။ အနည်းဆုံး တပါတ်(၂)ကြိမ်စစ်ဆေးခြင်း၊ လုပ်ငန်းလိုအပ်ချက်အရ အခါအားလျော်စွာစစ်ဆေးခြင်း၊ စစ်ဆေးတွေ့ရှိချက်များကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ သက်ဆိုင်ရာ လုပ်ငန်းအပ်နှံသူထံသို့ (၂) ပါတ်တစ်ကြိမ် အစီရင်ခံစာများတင်ပြခြင်းတို့ကို ဆောင်ရွက်ရပါတယ်။ လုပ်ငန်းအရည်အသွေးစစ်ဆေးထောက်ခံချက်နဲ့ လုပ်ငန်းပြီးစီးမှုရာခိုင်နှုန်းစစ်ဆေးထောက်ခံချက်များ ပေးတဲ့နေရာမှာ အမှန်တကယ်တွေ့ရှိချက်အတိုင်းသာဖေါ်ပြပြီးထောက်ခံချက်ပေးပါတယ်။ ဒီလိုထောက်ခံချက် များပေးတဲ့နေရာမှာ သက်ဆိုင်ရာဌာနအားအခက်အခဲမဖြစ်စေရေးနဲ့ သက်ဆိုင်ရာကန်ထရိုက်တာကုမ္ပဏီအား ထိခိုက်နစ်နာမှုမရှိစေရေးအတွက် ကြံ့ကြာမှုမဖြစ်စေရန် မြန်ဆန်စွာဆောင်ရွက်ပေးပါတယ်။ တွေ့ရှိချက်အ တိုင်း အပိုအလိုမရှိ မှန်မှန်ကန်ကန် ထောက်ခံချက်များပေးပါတယ်။ ဒါ့ကြောင့် MICEG ဟာ လိုက်လိုက် လျော လျော ပြုမူဆောင်ရွက်တဲ့အဖွဲ့အစည်းမဟုတ်သလို တင်းတင်းမာမာ ပြုမူဆောင်ရွက်တဲ့အဖွဲ့ အစည်းလည်း မဟုတ်ဘဲ၊ တွေ့ရှိချက်အတိုင်း ဖြောင့်မတ်တည်ကြည်စွာ ထောက်ခံတင်ပြပေးတဲ့အဖွဲ့အစည်း ဖြစ်ပါတယ်။ ဝန်ဆောင်ခရငွေများကို ဗဟိုကော်မတီအစည်းအဝေးမှဆုံးဖြတ်ချက်အတိုင်း ရုံးလုပ်ငန်းလည်ပတ်ခြင်း၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်သို့ထည့်ဝင်လှူဒါန်းခြင်း၊ အခွန်ပေးဆောင်ခြင်းနဲ့၊ စစ်ဆေးရေးအဖွဲ့ဝင် များ အား ချီးမြှင့်ငွေပေးအပ်ခြင်းတို့ကို ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများနဲ့အညီ စီမံဆောင်ရွက်ရပါတယ်။

MICEG ရဲ့တိုးတက်လာတဲ့ရံပုံငွေများကို အမြတ်ခွဲဝေခြင်းမပြုဘဲ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ မြန်မာအပြည်ပြည်ဆိုင်ရာအတိုင်ပင်ခံအင်ဂျင်နီယာများအဖွဲ့ ရပ်တည်ရေး အတွက်သာဆောင်ရွက်သွားမှာဖြစ်ပါတယ်။ သို့ပါ၍ MICEG ဟာ စီးပွားရေးအကျိုးအမြတ်အတွက်ဖွဲ့စည်းထားတဲ့ကုမ္ပဏီတစ်ခုမဟုတ်ပါကြောင်း နဲ့ နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းစဉ်တွင် နိုင်ငံတော်ရဲ့လိုအပ်ချက်နဲ့အညီ တတတ်တအားပါဝင် ဆောင်ရွက်နေတဲ့ လုပ်ငန်အရည်အသွေးမှန်မှန်ကန်ကန်ရရှိရေးကိုဦးတည်ဆောင်ရွက်နေတဲ့ အသင်းအဖွဲ့ကြီး တစ်ရပ်သာဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

အောင်ဆန်း
အထွေထွေအတွင်းရေးမှူး MICEG